Wednesday, July 29, 2009

နာကျင်မှု

မနေ့က
ဒလိမ့်ခေါက်ကွေး ပြုတ်ကျသွားခဲ့တဲ့ ငါ့ စိတ်တွေ
အခုထိ မဖမ်းဆုပ်နိုင်သေးဘူး၊

အနှစ်နှစ် အလလ
ငါ သင်အံခဲ့တဲ့ စာပေတွေနဲ့
နီတိဆရာ အဆက်ဆက်တို့ရဲ့ ဆုံးမစာတွေကလည်း
ငါ့ နှလုံးသားတံခါးကို လာမခေါက်ဘူး၊

ငါ ကွဲရှခဲ့တယ်
ငါ နာကျင်ခဲ့တယ်
ငါ အစိတ်စိတ်အမွှာမွှာဖြစ်ခဲ့တယ်၊

လောလောလတ်လတ် ပူလောင်မှု့တွေ အတွက်
ငါ့ ရင်ဘတ်တွေ တဆတ်ဆတ် တုန်ခါနေတုန်းပဲ၊ (ခု ကဗျာရေးချိန်ထိ)
အပြန်မရှိတဲ့ လမ်းကို
မင်း....................
လေသံအေးအေးနဲ့ တွန်းချပစ်ခဲ့တာ၊

ငါ ဖိတ်မာန်ခြင်း မရှိခဲ့ပါဘူး
ဒါပေမဲ့ မင်း အရောက်လာခဲ့တယ်
ငါ မကြိုဆိုခဲ့ပါဘူး
ဒါပေမဲ့ မင်း တန်းတန်းမတ်မတ်ကြီး ၀င်ရောက်လာခဲ့တယ်၊

ကောင်မလေးရယ်
ငါ ကွဲရှခဲ့ရပါတယ်
ငါ နာကျင်ခဲ့ရပါတယ်
ငါ အစိတ်စိတ်အမွှာမွှာဖြစ်ခဲ့ရပါတယ်။ ။ ။

0 comments:

Template by : kendhin x-template.blogspot.com